LINUX VPS KNOW-How

VPS ဆိုတာ ဘာလဲ

အဝေးမှာ ရှိနေတဲ့ ကိုယ်ရဲ့ ကွန်ပျူတာ တစ်လုံးလို့တွေးကြည့်လိုက်။ အင်တာနက်ကနေမှတဆင့် လှမ်းသုံးလို့တော့ ရတယ်။ ထိတွေ့ကိုင်တွယ်လို့တော့ မရဘူး။ သုံးလို့ရနေတဲ့အတွက် ရှိနေမှန်းတော့ သိတယ်။ ဥပမာ လျှပ်စစ်ဆိုရင် မမြင်ရပေမယ့် ရှိနေမှန်းသိတယ်။ ဒီသဘောတရားကို Virtual လို့ခေါ်တယ်။ ထိကိုင်လို့ မရပေမယ့် ပုံမှန်ကွန်ပျူတာတစ်လုံးကို သုံးသလို သုံးလို့ရနေတဲ့အတွက် Virtual Computer လို့ သတ်မှတ်တာပါ။ ကွန်ပျူတာလောကမှာတော့ Virtual Machine (VM) လို့ ခေါ်ပါတယ်။

ကွန်ပျူတာ Operating System(OS) တစ်ခုပေါ်မှာ နောက်ထပ် OS တွေတင်နိုင်တဲ့ Virtual Machine တွေ ဖန်တီးလို့ရပါတယ်။ Virtualization Technology ဟုခေါ်ပါသည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ Virtual Private Server (VPS) များသည် Virtual Machine များသာ ဖြစ်ကြပါတယ်။ မြန်မာလိုဆိုရင် “သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်ထားသော ကိုယ်ပိုင်ဆာဗာ” ဟု အဓိပ္ပာယ်ရပါလိမ့်မည်။

တကယ်ကွန်ပျူတာအစစ်လို ထိတွေ့ကိုယ်တွယ်လို့ မရပေမယ့် ပုံစံတူအသုံးပြုနိုင်တဲ့ “အမှန် မဟုတ် သဏ္ဍာန်လုပ်” ထားတဲ့ ကွန်ပျူတာတွေပေါ့ဗျာ။ သို့သော် တကယ့်ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးသဖွယ် နှစ်သက်ရာ OS တစ်ခုတင်နိုင်ပြီး ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါသည်။

VPS တွေကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေက ‎ရောင်းပါသည်။ အလွယ်ပြောရရင် သူတို့ဆီမှာရှိတဲ့ ကွန်ပျူတာအကြီးကြီးကို ကွန်ပျူတာသေးသေးလေးတွေ အများကြီးပုံစံဖြစ်အောင်လုပ်ပြီး ငှားစားတာပါပဲ။ နည်းနည်းစီ ခွဲရောင်းတဲ့ သဘောပါပဲ။ Server ကြီးရဲ့ processing power ကို virtualization နည်းပညာနဲ့ VPS တွေလုပ်ပြီး ရောင်းစား ငှားစား တာပါပဲ။

VPS ကို ဝယ်သုံးတယ်ဆိုတာ တကယ်တော့ အသုံးပြုခွင့်ကို ပိုက်ဆံပေးပြီး ငှားရမ်းခြင်းသာ ဖြစ်ပါတယ်။ တကယ်ပိုင်တာက ကုမ္ပဏီကြီးတွေကပဲ ပိုင်တာပါ။ သူတို့ဆီကနေ အသုံးပြုခွင့်ကို လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေပေးပြီး ငှားရမ်းအသုံးပြုခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မဟုတ်ရင် ပေးမသုံးဘူးဆိုပြီး လုပ်လို့ရပါတယ်။ ဒါကို လိုင်စင် (License Agreement) လို့ခေါ်ပါတယ်။ software သို့မဟုတ် service ကို ဝယ်ယူတဲ့အခါတိုင်း အမြဲတမ်း ဒီလိုစည်းကမ်းသတ်မှတ်ချက်တွေ ရှိပါတယ်။ Hardware တစ်ခုကို ဝယ်ပြီး ပိုင်ဆိုင်သွားသူက ထုပဲချိုးချိုး ကိုင်ပဲပေါက်ပေါက် ရပေမယ့် software တွေကိုတော့ crack တွေ hack တွေ reverse engineering တွေ လုပ်လို့မရပါဘူး။ မူလထုတ်လုပ်တဲ့ ကုမ္ပဏီကပဲ ပိုင်တာပါ။ ဥပမာ သီချင်းခွေကို ဝယ်တယ်ဆိုတာ နားထောင်ခွင့်ကိုပဲ ဝယ်တာဖြစ်ပြီးတော့ ပိုင်ဆိုင်တာကတော့ မူလတေးရေးဆရာကပဲ ပိုင်တာဖြစ်ပါတယ်။

VPS တွေကို သုံးရင် ကောင်းတဲ့အချက်တွေက စျေးချိုခြင်း၊ အင်တာနက်အမြန်နှုန်း ကောင်းခြင်း၊ ၂၄ နာရီ မီးမပျက်ဘဲ run ထားလို့ရခြင်း၊ ကိုယ်ပိုင်သီးသန့်ဖြစ်ခြင်း စတဲ့ အချက်များပဲ ဖြစ်ပါတယ်။

အင်တာနက်မှာ VPS ရောင်းတဲ့ ကုမ္ပဏီ website များစွာရှိပါတယ်။ ၅ ဒေါ်လာအောက်မှသည် ဒေါ်လာရာကျော်တန်များအထိ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Linux VPS များသည် OS အသုံးပြုခ မပေးရသောကြောင့် ဈေးချိုကြပါသည်။ Windows VPS များသည် Windows OS License ကြေးပါ ထပ်ပေါင်းပေးဆောင်ရသောကြောင့် Linux VPS များနှင့် Specification တူလျှင်ပင် ပို၍ စျေးကြီးလေ့ရှိပါသည်။

VPS တွေကို ကိုယ်တိုင် ဝယ်ယူနိုင် ပါတယ်။ အင်တာနက်မှာ ငွေပေးချေနိုင်တဲ့ card တစ်ခုခုရှိရပါမယ်။ VPS ရောင်းတဲ့ Website တိုင်းက Visa နှင့် Master ကဒ်တို့ကို လက်ခံလေ့ရှိကြပါတယ်။ အချို့သော website များတွင် JCB ကဒ်ကို လက်ခံပါတယ်။

computer နှင့် IT နည်းပညာကို ဝါသနာပါပြီး လေ့လာလိုက်စားသူတိုင်းလည်း စျေးနှုန်းချိုသာပြီး ၂၄ နာရီ အင်တာနက်ရသော၊ မီးမပျက်ဘဲ အချိန်ပြည့်အသုံးပြုနိုင်သော ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ချင်သည့် ဆန္ဒရှိကြလိမ့်မည်။ ထိုဆန္ဒကို VPS များက ဖြည့်စွမ်းပေးနိုင်ပါလိမ့်မည်။

Exit mobile version