Ubuntu မှာ package တွေကို Offline Installation လုပ်ရန် Download ရယူနည်း

Linux စတင်လေ့လာသူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲကတော့ အင်တာနက်မရှိဘဲ software installation လုပ်တဲ့အပိုင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် offline installation လုပ်ခြင်းပေါ့။ Ubuntu OS မှာ offline installation လုပ်ဖို့အတွက် package များကို အင်တာနက်မြန်တဲ့နေရာသွားပြီးတော့ download ရယူနိုင်ပါသည်။ ကိုယ်အသုံးပြုမယ့် Ubuntu OS အတွက် အင်တာနက်မြန်နှုန်းက အားကိုးလို့မရတဲ့အခါမှာ အသုံးပြုနိုင်သော နည်းလမ်းဖြစ်ပါသည်။ လိုအပ်သော package များကို dependencies များပါ ပါလာအောင် download ပြုလုပ်နိုင်မှ မိမိစက်တွင် error ကင်းကင်းနှင့် install ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အတွက် မိမိစက်အတွက် လိုအပ်သော packages စာရင်းကို အရင်ထုတ်ယူရပါမည်။ ပြီးမှ ကြိုက်ရာကွန်ပျူတာတွင် သွား၍ download ပြုလုပ်နိုင်ပါသည်။ မိမိစက်အတွက် လိုအပ်သော package list ထုတ်ယူရန်အတွက်တော့ အင်တာနက်ရှိရပါမည်။ အင်တာနက်နှေးခြင်းကြောင့် အကုန်လုံး download လုပ်တာထက်တော့ များစွာအဆင်ပြေပါလိမ့်မည်။ အောက်ပါအတိုင်း လုပ်ဆောင်လျှင် ရနိုင်ပါသည်။

ဥပမာ အသစ်စက်စက်တင်ထားသော Ubuntu OS အတွက် VLC , ubuntu-restricted-extras နှင့် wine ကို install ပြုလုပ်ချင်လျှင် ပထမဦးစွာ အောက်ပါ command ကို terminal တွင်ရိုက်ပြီး enter ခေါက်ပါ။

sudo apt-get update

ထိုအခါ ပထမဦးဆုံး database ကို update လုပ်ခြင်းဖြစ်သောကြောင့် 30 MB ကျော်လောက် download ရယူရန်လိုသောကြောင့် အင်တာနက် နှေးပါ စိတ်ရှည်စွာ သည်းခံ၍ပြုလုပ်လိုက်ပါ။ မလုပ်လို့မရပါဘူး။ မလုပ်ရင် နောက်ထပ် command များကို ရိုက်ရင် packages များကို မတွေ့ပါဟု error ပြပါလိမ့်မည်။ ဒါက advanced packaging tool ဆိုတဲ့ apt ကို packages များ အင်တာနက်မှာ ဘယ်မှာရှိသလဲဆိုတာ ညွှန်ပြပေးနိုင်တဲ့ database တွေ ကို up-to-date ဖြစ်အောင်လုပ်နေတာပါ။

ပြီးရင် အောက်ပါ command ဖြင့် လိုအပ်တဲ့ package list ကို ထုတ်ယူရပါမယ်။ ဒီ command အတွက်တော့ internet လိုအပ်ပါတယ်။

sudo apt-get install –print-uris -y vlc ubuntu-restricted-extras wine | grep ^’ | cut -d’ -f2 > list

ပြီးလျှင် မိမိရောက်ရှိနေသော directory အောက်တွင် list ဆိုသော ဖိုင်လေး တစ်ဖိုင်ရလာပါလိမ့်မည်။ ၎င်း ဖိုင်လေးကို copy ကူးပြီး အခြားအင်တာနက်ရသော ကွန်ပျူတာသို့သွားပါ။ အခြားကွန်ပျူတာသည် windows OS ဖြစ်တယ် ဆိုကြပါစို့။ ၄င်းကွန်ပျူတာတွင် list ဆိုတဲ့ ဖိုင်လေးကို ကြည့်ပါက file extension မပါသည့်အတွက် ဘာနှင့် ဖွင့်ရမှန်းသိမှာ မဟုတ်ပါဘူး။ open with ဖြင့် ရွေးချယ်ပြီး browser တစ်ခုခုဖြင့် ဖွင့်လိုက်ပါ။ address အများကြီးတွေ့ပါလိမ့်မယ်။ လိုအပ်သော packages တွေကို download လုပ်လို့ရမယ် address တွေဖြစ်ပါတယ်။ IDM ရှိလျှင် အဆင်ပြေပါတယ်။ Download all links with IDM ဆိုရင် ရပါတယ်။ download ပြုလုပ်မယ့် directory ရွေးပြီး download ပြုလုပ်ပြီး ရလာတဲ့ packages တွေကို မိမိ ubuntu OS ဆီပြန် ယူသွားလိုက်ပါ။ မိမိစက်ကိုရောက်ရင် destop ပေါ်ကို packages ဆိုတဲ့ folder အနေနဲ့ copy ကူးလိုက်တယ် ထားပါတော့။ install လုပ်ချင်ရင် အောက်ပါ command ကို အသုံးပြုပါ။

sudo dpkg -i Desktop/packages/*.deb

တစ်ခုတော့ရှိပါတယ်။ အဲသလို လုပ်တဲ့အချိန် အင်တာနက်ချိတ်ထားပေးနိုင် ပိုကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ubuntu-restricted-extras မှာပါတဲ့ packages နှစ်ခုကတင်တဲ့အချိန် အင်တာနက် တောင်းလို့ပါ။ မချိတ်ထားလဲရပါတယ်။ အင်တာနက်တောင်းရင် ctrl + c နှိပ်ပေးလိုက်ပါ။ အသစ်စက်စက် ubuntu အတွက် ဆို vlc က package 70 ကျော်နဲ့ 17.7 MB လောက် ရှိပါတယ်။ ubuntu-restricted-extras ကလဲ package 90 ကျော်နှင့် 50 MB လောက်ရှိပါတယ်။ သူတို့ နှစ်ခုကို တစ်ခုချင်းစီ download လုပ်ရင် အဲသလောက်တွေ ရှိပါတယ်။ ဒါပေမယ့် တူနေတဲ့ packages က ၃၄ ခုလောက်ဖြစ်နေတယ်။ ပြောချင်တာက လိုချင်တဲ့ softwares နှစ်ခုစလုံးအတွက် list ထုတ်တဲ့ command ရိုက်ရင် တစ်ခါတည်း space ခြားပြီး ဆက်တိုက်ရေးပေးလိုက်ရင် တူနေတဲ့ package တွေကို နှစ်ကြိမ် download ပြုလုပ်ရန် မလိုအပ်တော့ပါဘူး။

Leave a Reply