Studying Linux by using Phone & VPS

အင်တာနက် အဆက်အသွယ်ရှိနေရင် Linux OS သုံးရတာ အဆင်ပြေပါတယ်။ အင်တာနက်မရတဲ့ ကွန်ပျူတာမှာ Linux OS ထဲကို software တွေ install လုပ်ဖို့ဆိုတာ တော်တော်လေး အဆင်မပြေပါဘူး။ တော်တော်လေးတောင် မဟုတ်ပါဘူး။ တော်တော်ကြီးကို အဆင်မပြေတာပါ။

ကျွန်တော် Linux ကို စလေ့လာတုန်းက ကြုံခဲ့ရတဲ့ ကြီးမားတဲ့အခက်အခဲပါ။ ၂၀၀၉ ခုနှစ်လောက်ပါ။ ကျွန်တော်သုံးတဲ့ Desktop ကွန်ပျူတာကြီးမှာ အင်တာနက်အဆက်အသွယ်မရှိတာပါ။ အဲ့အချိန်က ကျွန်တော်က 4th year ပါ။ ဖုန်း အင်တာနက်ဆိုတာ ရမှန်းတောင် မသိသေးဘူး။ အင်တာနက် ကဖေးတွေမှာ လိုချင်တာ download ချရတဲ့ခေတ်ပါ။ ငွေကုန်ပြီး လေ့လောသလောက် ခရီးမပေါက် ပါဘူး။

ယနေ့ခေတ် ဖုန်းအင်တာနက်ရလာချိန်မှာ လူတိုင်းအတွက် အင်တာနက်ဆိုတာ လွယ်သွားပါပြီ။ လေ့လာချင်တာကိုလည်း လက်ထဲမှာတင် လွယ်ကူကူ လေ့လာလို့ရပါပြီ။

ဖုန်းရှိရုံဖြင့် ငွေကုန်ကြေးကျမများဘဲ Linux OS ကိုလေ့လာနိုင်ပါပြီ။ ကျွန်တော်နှင့်အတူ လေ့လာကြည့်ရအောင်။

ပထမဆုံး လိုအပ်သည်များမှာ

၁) Smart phone တစ်လုံး

၂) VPS တစ်လုံး

၃) SSH Client ( eg. Connectbot or puTTY for VNC )

၄) VNC Client ( eg.RealVNC)

Smart Phone။ ဖုန်းသည် အင်တာနက် ရှိရမည်။ speed အရမ်းကောင်းရန် မလိုပါ။ Android or iOS နှစ်သက်ရာ ဖြစ်နိုင်ပါသည်။

Virtual Private Server – VPS။ အင်တာနက်ပေါ်က ၂၄ နာရီ အင်တာနက် အဆက်အသွယ်ရှိနေမယ့် ကိုယ်ပိုင်ဆာဗာအတုလို့ ပြောလို့ရပါတယ်။ မီးပျက်တယ် ဆိုတာလဲ မရှိနိုင်ပါဘူး။ အင်တာနက် service company ကြီးတွေရဲ့ Server computer ကြီးတွေကနေ processing power ကို ကွန်ပျူတာတစ်လုံးသဖွယ် အနည်းငယ်ခွဲရောင်းတဲ့ သဘောလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ့် Physical ကွန်ပျူတာမဟုတ်ပါဘူး။ သို့သော် တကယ့်ကွန်ပျူတာသဖွယ် ကိုယ်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။ ထို့ကြောင့် Virtual Private Server ဟုခေါ်တာပါ။ ဈေးချိုပါတယ်။ အစားစား ရှိပါတယ်။ ၂၄ နာရီ မီးမပျက်ဘဲ အင်တာနက်ရနေမယ့် virtual ကွန်ပျူတာတွေဖြစ်လို့ တကယ်အသုံးပြု သူများ၊ website တင်ခြင်းများ၊ online ကိစ္စဆောင်ရွက်ခြင်းများ အတွက် တွက်ခြေ ကိုက်ပြီး တန်ပါတယ်။ ထိုသို့ Virtual မဟုတ်ဘဲ Physical ကွန်ပျူတာများလဲ ဝယ်လို့ရ ပါတယ်။ ၎င်းတို့ကို Dedicated Server ဟုခေါ်ပါတယ်။

VPS များကို ဘယ်ကရနိုင်သလဲ ဆိုရင် Internet hosting company ကြီးတွေဆီကနေ လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ ငှားသုံးရပါတယ်။ တနည်းအားဖြင့် တစ်လ အသုံးပြုခွင့်၊ တစ်နှစ်အသုံးပြုခွင့် ဝယ်သုံးခြင်းဖြစ်ပါတယ်။ internet မှာ VPS ရောင်းတဲ့ website များစွာရှိပါတယ်။ visa, master, paypal စသည်များဖြင့် ဝယ်ရပါတယ်။ ဝယ်လိုက်တဲ့အခါမှာ IP address, username နဲ့ password တစ်ခုစီရပါတယ်။ IP address က ကိုယ့် VPS ရဲ့ ကိုယ်ပိုင်လိပ်စာလို့ ဆိုကြပါစို့။ username နဲ့ password က VPS မှာ pre install လုပ်ထားတဲ့ linux OS ထဲကို log in ဝင်ဖို့ပါ။ Server OS တင်ပြီးသား ဖြစ်ပါတယ်။ GUI (Desktop) မပါသော command line ဖြင့် အသုံးပြုရမည့် server OS ဖြစ်ပါတယ်။ Desktop ကို ကိုယ်တိုင်တင်ယူရမှာပါ။

SSH client။ SSH Client ဆိုတာ VPS ရဲ့ server OS ကို ချိတ်ဆက်ပြီး အသုံးပြုဖို့ပါ။ ယခုသင်ဖတ်နေတဲ့ facebook application ဟာ client တစ်ခုပါဘဲ။ facebook company server ကြီးတွေဆီက new feeds တွေကို ချိတ်ဆက်ရယူတောင်းခံနေတဲ့ client application ပါဘဲ။ server ဆိုတာ service ပေးသူ။ client ဆိုတာ service တောင်းခံသူပါ။ SSH ဆိုတာ secure shell ကိုခေါ်တာပါ။ network ချိတ်ဆက်တဲ့ protocol တစ်ခုပါ။ protocol ဆိုတာ ကွန်ပျူတာတွေ အချင်းချင်းဆက်သွယ်တဲ့ ဘာသာစကားလို့ အလွယ်နားလည်လိုက်ပါ။ အင်တာနက်ကြီးဟာ TCP/IP လို့ခေါ်တဲ့ ပင်မအခြေခံ network protocol ဖြင့် ချိတ်ဆက်တာပါ။ secure shell protocol ကတော့ TCP/IP ရဲ့အပေါ်မှာမှ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်အောင် ပြုလုပ်ထားတဲ့ protocol ဖြစ်ပါတယ်။ sever-client ချိတ်ဆက်မှုတွေမှာ အသုံးများပါတယ်။ server OS တွေမှာ builtin ပါပြီးသားပါ။ ကျွန်တော်တို့က ဖုန်းမှာ ssh protocol ဖြင့် အလုပ်လုပ်တဲ့ client တစ်ခု install လုပ်သုံးရုံပါဘဲ။ ကျွန်တော်တို့ရဲ့ android ဖုန်းများကလဲ linux OS အခြေခံတွေပါ။ iPhone ၏ iOS ဟာလဲ Linux ရဲ့ နောင်တော်ကြီး Unix kernel ကို အခြေခံထားတာပါ။

VNC Client။ Virtual Network Computing လို့ခေါ်ပါတယ်။ Command Line (CLI) ဖြင့် မဟုတ်ဘဲ ကိုယ့် VPS ရဲ့ (GUI) Desktop ကို မြင်ရပြီးအသုံးပြုဖို့ပါ။ အင်တာနက်တွေ ၊ network တွေမှာရှိတဲ့ ကိုယ့်ကွန်ပျူတာကို အဝေးကနေ ဝင်ရောက်အသုံးပြုဖို့ပါ။ တစ်နည်းအားဖြင့် Remote Desktop လို့ခေါ်ပါတယ်။ VNC တွေဟာ Remote Frame Buffer protocol (RFB) ကို အသုံးပြုပြီး server တွေကို ချိတ်ဆက်ပါတယ်။

အားသာချက်များ။ ၂၄ နာရီ အင်တာနက်ရပြီး မီးမပျက်တဲ့ ကွန်ပျူတာကို ဈေးချိုချိုနဲ့ သုံးရမှာပါ။ package install လုပ်ရင်လဲ အင်တာနက်ဖိုး ဖုန်းဘေလ် မကုန်ပါဘူး။ linux မှာ software install လုပ်တာကို package install လုပ်တယ်လို့ခေါ်ပါတယ်။

အားနည်းချက်။ OS install လုပ်နည်းကို ကျော်သွားမှာပါ။ physical ကွန်ပျူတာကို ကိုင်သုံးသလောက် အားရချင်မှ ရပါလိမ့်မယ်။

VPS ကို စတင် အသုံးပြုခြင်း

-VPS ရဲ့ IP address ဖြင့် ssh client တွင် user_name@ip_address:22 ဟုထည့်ပါ။
-ဥပမာ root@192.168.100.100:22
-root သည် linux တွင် root user name ဖြစ်ပါသည်။ windows OS တွင် administrator account နှင့် တူပါသည်။
-password တောင်းလျှင် VPS ဝယ်လျှင်ရသော password ထည့်ပါ။
-log in ဝင်ရောက်ပြီး စတင်ချိတ်ဆက်မိသွားပါပြီ။
-SSH Client ဖြင့် VPS အတွင်း login ဝင်ရောက်ပြီးတဲ့ အခါ ပထမဆုံး password ကို ပြောင်းပြစ်ရပါမယ်။

passwd root

-Password တောင်းပါလိမ့်။ ၂ ကြိမ်ထည့်ပေးပြီးရင် reboot လုပ်ရပါမယ်။

reboot

-နောက်တစ်ကြိမ် login ဝင်ရောက်ပြီးလျှင် OS ထဲမှာ ရှိတဲ့ package lists များကို update လုပ်ရပါမယ်။ Linux OS တွေဟာ packages များဖြင့် ဖွဲ့စည်းထားပါတယ်။ အင်တာနက်မှာ Linux OS အမျိုးအစားအလိုက် package တွေကို စုစည်းထားပေးတဲ့ FTP Server ကြီးတွေ ရှိပါတယ်။ အဲ့ server ကြီးတွေမှာ ရနိုင်မယ့် package များကို အမြဲ up to date တွေတင်ပေးလျက်ရှိပါတယ်။ package lists တွေဟာ အမြဲပြောင်းနေတဲ့အတွက် အမြဲ up to date ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် Linux မှာ software or application တင်မယ် လုပ်တိုင်း အမြဲ ဒီ package list တွေ update လုပ်ဖို့ လိုပါတယ်။ ထို့နောက် ရှိပြီးသား packages တွေကိုလဲ update လုပ်ဖို့ လိုပါတယ်။

apt update && apt upgrade -y

-ပြီးလျှင် Desktop Environment ဖြင့် အသုံးပြုနိုင်ရန် Desktop Environment တစ်ခု install ပြုလုပ်ရပါ့မယ်။ Linux မှာ Desktop Enviroment များစွာရှိပါတယ်။ အနီးစပ်ဆုံး ဥပမာ ဖုန်းတွေမှာ Launcher တွေ ပြောင်းသုံးသလိုပါဘဲ။


1) Unity
2) Gnome
3) ‎KDE
4) Cinnamon
5) ‎MATE
6) ‎LXDE
7) XFCE စသည်ဖြင့် များစွာရှိပါတယ်။

VPS မှာ pre install လုပ်ထားတာ server version ဖြစ်တဲ့အတွက် ဘာ Desktop Environment မှ မပါ ပါဘူး။ ထပ်မံ install ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပေါ့တဲ့ xfce ကို တင်ပါမယ်။

apt install xfce4 xfce4-goodies tightvncserver -y

အခြား နှစ်သက်ရာ Desktop Environment ကိုလဲ install ပြုလုပ်လို့ရပါတယ်။

အထက်ပါ CLI တွင် install ၏ နောက်တွင် xfce4 နှင့် xfce4-goodies ကို space ခြား၍ ရေးထားခြင်းပါ။ ဆက်တိုက် space ခြားပြီး အခြား install ပြုလုပ်လိုသည်များကို ထည့်သွင်းနိုင်ပါသည်။ အထက်တွင် ပြခဲ့သော update && upgrade များကို && နှင့် ဆက်ပြီး တဆက်တည်း ရိုက်နိုင်ပါသည်။

apt upgrade && apt update -y && apt install xfce4 xfce4-goodies tightvncserver -y

-y ဆိုသည်မှာ yes or no မေးလာလျှင် yes ဟု ဖြေခိုင်းခြင်းပါ။

Leave a comment

Your email address will not be published. Required fields are marked *